+95 9 774204020 dpsmap@gmail.com

မြန်မာနိုင်ငံတွင် ကွန်ပျူတာ တက္ကသိုလ် ပေါင်း (၂၈) ခုရှိပြီး နှစ်စဥ်ဘွဲ့ရပညာတတ် ၅၀၀၀ ခန့်ကို မွေးထုတ်ပေးလျက်ရှိသည်။ IT ဆိုင်ရာ ပညာရပ်များကို ကွန်ပျူတာတက္ကသိုလ်များနှင့် နည်းပညာ တက္ကသိုလ်များတွင် သင်ကြားပေးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာရှင် များမွေးထုတ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံရှိ IT ပညာရှင်များ၏ အလုပ်အကိုင် အခွင့်အလမ်းသည် ဂျပန် ၊ စင်ကာပူ စသော အဆင့်မြင့် နည်းပညာများ မွေးထုတ်ပေးသည့် ကမ္ဘာ့နည်းပညာ ထိပ်သီးနိုင်ငံ များအထိ ကျယ်ပြန့်သည်။ နိုင်ငံတကာ တွင် ပြဌာန်းသင်ကြားနေသော သင်ရိုးများအတိုင်း သင်ကြားလျက်ရှိပြီး နိုင်ငံတကာ အဆင့်မှီ တက္ကသိုလ်များဖြစ်လာရန် သုတေသန များပြုလုပ်၍ အထူးကြိုးစားလျက်ရှိသည်။ လုပ်ငန်းခွင် နှင့် ချိတ်ဆက်ပေးနိုင်သော ပညာရပ်များ သင်ကြားနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းရှင် များနှင့် တိုင်ပင်ညှိနှိုင်းကာ ပညာရေးစနစ် တိုးတက် ကောင်းမွန်စေရေးအတွက် ကြိုးပမ်းအားထုတ်လာကြပါသည်။ အစိုးရ၏ E-Government ဖော်ဆောင်ရေး အစီအစဥ် ကြောင့် IT ပညာရပ်နှင့် IT အတတ်ပညာရှင် များကို မွေးထုတ်ပေးသည့် ကွန်ပျုူတာ တက္ကသိုလ်များ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါလာသည်ကို တွေ့ ရှိရပါသည်။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ၊ မန္တလေးကွန်ပျူတာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်(သတင်းချက်အလက်နှင့်နည်းပညာ) တို့သည် ၎င်းတို့၏တက္ကသိုလ် ဝင်ခွင့်များကို တိုက်ရိုက်ခေါ်ယူလျက် ရှိပြီး တက္ကသိုလ်ဝင်တန်း ရမှတ် ၄၀၀ နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်သည်။ သို့သော် လျှောက်ထားသူ ဦးရေ သည် တက္ကသိုလ် ၏လက်ခံနိုင်သည့် ကျောင်းသူ၊ကျောင်းသား ဦးရေ ထက် ပိုများနေခြင်းကြောင့် ၂၀၁၈ ခုနှစ်အတွက် ကွန်ပျူတာတက္ကသိုလ်(သတင်းအချက်အလက်နှင့်နည်းပညာ) ၏အနိမ့်ဆုံးဝင်ခွင့် ရမှတ်မှာ ၅၀၄ မှတ်အထိ မြင့်တက်လာသည်။ ၂၀၁၈ ခုနှစ် အတွက် ရန်ကုန် ကွန်ပျူတာတက္ကသိုလ်၏ အနိမ့်ဆုံးဝင်ခွင့် ရမှတ်မှာ ၄၆၇ မှတ်ဖြစ်ပြီး မန္တလေးကွန်ပျူတာတက္ကသိုလ်၏ အနိမ့်ဆုံး ဝင်ခွင့်ရမှတ်မှာ ၄၅၀ မှတ်ဖြစ်သည်။အခြား ကွန်ပျူတာတက္ကသိုလ်တို့၏ ဝင်ခွင့်များကို တက္ကသိုလ်ဝင်ခွင့်စီစစ် ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်ပေးလျက်ရှိပြီး တက္ကသိုလ်ဝင်တန်းတွင် ရမှတ် ၃၆၅ မှတ်နှင့်အထက်ရရှိသူများလျှောက်ထားနိုင်သည်။ သို့သော် ကွန်ပျူတာတက္ကသိုလ် များ၏ အနိမ့်ဆုံးဝင်ခွင့် ရမှတ်များမှာ အခြားတက္ကသိုလ်များနည်းတူ တစ်နှစ် ထက်တစ်နှစ်တိုးလာသည်ကိုတွေ့ရှိရသည်။ ၂၀၁၆ ၊ ၂၀၁၇ ၊ ၂၀၁၈ ခုနှစ်များအတွက် ကွန်ပျူတာ တက္ကသိုလ်များ၏ အနိမ့်ဆုံး တက္ကသိုလ် ဝင်ခွင့် ရမှတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ကွန်ပျူတာတက္ကသိုလ်များသည် တက္ကသိုလ်တစ်ခုနှင့် တစ်ခု ဝင်ခွင့်ရမှတ်များ မတူညီကြသော်လည်း ၎င်းတို့၏ သင်ရိုးညွှန်းတမ်းနှင့် ပြဌာန်းစာအုပ်များမှာ တူညီပြီး အဓိကအားဖြင့်ကွန်ပျုတာသိပ္ပံ နှင့် ကွန်ပျုတာနည်းပညာ ဟူသော မေဂျာနှစ်ခု ခွဲ၍ သင်ကြားသည်။ထို့အပြင် ကွန်ပျူတာတက္ကသိုလ် များတွင် သင်တန်းနှစ် ပထမနှစ်၌ မေဂျာမခွဲဘဲ ဒုတိယနှစ် မှသာ ကျောင်းသူ၊ ကျောင်းသားများ ကြိုက်နှက်သာရာ မေဂျာများ သင်ကြားစေသည်။ မြန်မာနိုင်ငံ၏ နည်းပညာလိုအပ်ချက် နှင့် အလုပ်အကိုင်အခွင့်အလမ်းအပေါ်မူတည်၍ ကွန်ပျူတာနည်းပညာကိုကွန်ပျူတာတက္ကသိုလ်များ၏ ကျောင်းသားဦးရေ သုံးပုံ တစ်ပုံမှ သင်ကြားလျက်ရှိပြီး ကျန်သော သုံးပုံ နှစ်ပုံမှာ ကွန်ပျူတာသိပ္ပံဘာသာ နှင့် နှီးနွယ်သော ပညာရပ်များသင်ကြားလျက်ရှိသည်။သင်တန်းနှစ် ပထမနှစ်ကို အောင်မြင်ပြီးသော ကျောင်းသူ ၊ကျောင်းသားများသည် မိမိ ပြောင်းရွေ့ရန် လျှောက်ထားသော တက္ကသိုလ်၏ ရည်မှန်းထားသော ကျောင်းသားဦးရေ ပြည့်မှီခြင်း မရှိသေး၍ လက်ခံနိုင်ပါက ပြောင်းရွှေ့ နိုင်သည်။ မြန်မာနိုင်ငံရှိကွန်ပျုတာ တက္ကသိုလ်များမှာ အောက်ပါအတိုင်းဖြစ်ပြီး ၎င်းတို့၏ Official Website များသို့ အောက်ပါ Link များဖြင့် ဝင်ရောက်ကြည့်ရှုနိုင်သည်။